အပိုင်း (၁) ၊ သူရူးလမင်း
အပိုင်း (၁)
"သူရူး လမင်း"
ဒီ အထပ်ထပ် ခေါက်ရိုးကျိုးနေတဲ့ ပေလွှာပေါ်မှာ ရေးထားခဲ့တဲ့ မှတ်တမ်းတွေဟာ တစ်ချိန်တစ်ခါက ဖြစ်တည်မှု ဥာဏ်ပညာ အလုံးစုံရဲ့ နောက်ဆုံးအကျွင်းအကျန်မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါသည်။ ခေတ်အဆက်အဆက်က ကဝေနဲ့ မှော်ဆရာများက ဆင့်ပွားလက်ဆင့်ကမ်းသယ်ယူခဲ့တဲ့ ဒီသမိုင်းကြောင်းမှတ်တမ်းဟာ ကာကွယ်သူများ၊ ရှေးဟောင်း မှော်အတတ်ပညာများ၊ ဥပဒေသများ နှင့် သွေးစက်ပေါင်းများစွာ စတေးခဲ့ရသော စစ်ပွဲကြီးများရဲ့ ပျောက်ဆုံးလုနီးပါးဖြစ်နေသော မှတ်ဥာဏ်များအားလုံး သေချာစွာသိမ်းစည်းထားတဲ့ တစ်ခုတည်းသော အမွေအနှစ်ဖြစ်ပါသည်။ ထက်မြသော ဓါးများ နှင့် ရက်စက်သော ကျိန်စာများထက် သာလွန်၍မှန်ကန်သည့် ဖုန်းကွယ်နေသော အမှန်တရား၊ ပညာရှိတို့ရဲ့ အသက်ဝိညာဉ်များ စတဲ့ မှတ်ရာများကိုလည်း အက္ခရာများအဖြစ် ပြောင်းလဲကာ ခေတ်အဆင်အဆက် ပေါင်းထည့်ကာ ရေးမှတ်ခဲ့ကြပါသည်။ အခုအခါမှာတော့ ဒီမှတ်တမ်းအား ထိုက်တန်တဲ့ စက္ခုများကို ပိုင်ဆိုင်ထားတဲ့ သူများသာအဓိပ္ပါယ်ဖော်ခွင့်ရရှိပြီး ဖတ်ရှူခွင့်ရမယ့် မန္တာန်တစ်ခုဖြင့် ချိပ်ပိတ်ထားခဲ့ပြီ ဖြစ်ပါတယ်။ စာမျက်နှာအသစ်များကိုလည်း သေဆုံးသွားမယ့် သူရဲကောင်းများရဲ့ သွေးများဖြင့်သာ ဆက်လက်ရေးသားခွင့် ရှိတော့မှာ ဖြစ်ပါတယ်။
========================================
========================================
========================================
ဒီကမ္ဘာကြီးဟာ သာမန်အေးခဲတဲ့ ဂြိုဟ်ကြီးတစ်လုံးအဖြစ်သာ ရှိခဲ့စဉ်ကာလတုန်းကတည်းက ၄င်းမှာ ပြိုးပြုးပြက်ပြက် အရောင်လက်တဲ့ "သူရူး လမင်း" လို့အမည်ရသော အရံလ တစ်လုံးရှိခဲ့ပါတယ်။ တကယ်တော့ ဒီအရံလ လေးရဲ့ အလင်းရောင်ဟာ နေ့အလင်းရောင်နှင့်ပင် အပြိုင်လင်းနိုင်စွမ်းရှိပြီး "နိဗ္ဗာန်ဘုံအတွင်းက ပရိပက္ခများ" ကို ကိုယ်စားပြုတဲ့ ပုံဆောင်ခဲသဏ္ဍန် ဥက္ကာခဲတစ်လုံးဖြစ်ပါတယ်။
"သူရူး လမင်း" ဟာ သာမန် ဥက္ကာခဲတစ်လုံးတော့ မဟုတ်ပါဘူး။ အချိန်ကာလဆိုသည့်အရာ မဖြစ်တည်ခင်ကတည်းက ဦးစွာရှိခဲ့တဲ့ ရှေးဟောင်းအသိညဏ်နှစ်ခုကို ချူပ်နှောင်ထားတဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။ ၄င်း ရှေးဟောင်းအသိညဏ်နှစ်ခုရဲ့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲများကြောင့် မိမိတို့ဘာသာ ကျိန်စာသင့်ပြီး အတူတကွ ပူးကပ်စွာဖြင့် "သူရူး လမင်း" ပုံဆောင်ခဲတစ်လုံး ဖြစ်လာကာ စကြဝဠာ အနန္တအတွင်းမှာ မျောလွင့်နေခဲ့ရခြင်းဖြစ်ပါတယ်။ ဒီ ခရီးသွား ပုံဆောင်ခဲဟာ ကံဆိုးလှသည့် ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေက ၄င်းရဲ့ ဂြိုလ်ပတ်လမ်းထဲကို ဆွဲခေါ်ထည့် မခံခဲ့ရခင် အချိန်ထိ အဆုံးမရှိတဲ့ စကြာဝဠာ ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေခဲ့ခြင်း ဖြစ်ပါတယ်။
ခေတ်ပေါင်းများစွာ လူသားမျိုးနွယ် ပေါင်းများစွာဟာ ၄င်း "သူရူး လမင်း" ရဲ့ အဆုံးမရှိတဲ့ တန်ခိုးတေဇော်အား ဆည်းကပ်ရင်း၊ ညဏ်အလင်းများ ပွင့်ရင်း၊ ပြန်လည်မှောင်မိုက်ရင်း၊ ပေါ်ထွန်းလာလိုက်၊ ကျရှုံးသွားလိုက်နဲ့ သံသရာလည်ခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့ပတ်လမ်းကြောင်းဖိအား နှင့် ဒီရေအတက်အကျတို့ကြောင့် "သူရူး လမင်း" အတွင်းရှိ အသိညဏ် ၂ ခုဟာ ဒီအကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်ဖို့ သေးမွှားလှတဲ့ အားနည်းချက်တည်ရှိရာကို တွေ့ရှိဖို့ အခွင့်အရေး ပေါ်လာပါတော့တယ်။ ၄င်းတို့ရဲ့ အင်အားကြောင့် "သူရူး လမင်း" အပေါ်မှာ ပထမဆုံး အက်ကွဲကြောင်းကလေးများ တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့ပါပြီ။ သွေးကွေးလွန်းတဲ့ အဲ့ကွဲကြောင်းကလေးတွေကနေ သန်းနဲ့ချီတဲ့ ပက်ကြားအက်ကြီးများဖြစ်လာတဲ့အခါမှတော့ ၄င်းတို့ရဲ့ ထွန်းလင်းတောက်ပပြီး ကြောက်စရာကောင်းတဲ့ အလင်းရောင်များ စ တင် ထွက်ပေါ်လာပါတော့တယ်။
လမင်းကျရှုံးသည့် တစ်ညမှာတော့ "သူရူး လမင်း" ဟာ လုံးဝ နှစ်ခြမ်းကွဲသွားပါတော့တယ်။ ၄င်းရဲ့ အတွင်းပိုင်းက အသိညဏ် နှစ်ခုရဲ့ ပေါက်ကွဲထွက်လာသည့် စွမ်းအင်တို့ကို တောင့်မခံနိုင်တော့သည့်အတွက်ကြောင့် "သူရူး လမင်း" ရဲ့ ဥက္ကာခဲအပိုင်းအစ များဟာ စကြဝဠာအတွင်း တစ်စစီ ပြန့်သည်က ပြန့်၊ ကမ္ဘာ့လေထုနဲ့ ထိတွေ့ပြီး တိုက်စားသည်က တိုက်စား ကုန်ပါတော့တယ်။ ဒီကြားထဲကမှ ရှားရှားပါးပါး အနေဖြင့် အရည်ပျော်ချော်ရည်အပိုင်းအစများ နှင့် ပုံဆောင်ခဲအကျိုးအပဲ့များသာ ကမ္ဘာမြေပေါ်အထိ သက်ရောက်ခဲ့ပြီး မျိုးတူရာ အစုအဝေး များအဖြစ် ပေါင်းစည်းသွားကြပါတယ်။ အပိုင်းအစများဟာ ၄င်းတို့ သက်ဆင်းခဲ့တဲ့ နေရာမှာသာ တည်ရှိပြီး ၄င်းတို့ အသီးသီးရဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တောက်ပလာစေခဲ့ပါတယ်။ ဒီလို ပျက်ကပ်ဘေးကြီးကို နှဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ပြီး အသက်ရှင်ကျန်ခဲ့တဲ့ သက်ရှိတို့အနေနဲ့ လူ့အဖွဲ့အစည်းများအဖြစ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာခဲ့ရာ ခေတ်ကာလ ကြာညောင်းသည့်နောက်တော့ "သူရူး လမင်း" ပြိုလဲခဲ့သည့် ဒဏ္ဍာရီည ကို ဇာတ်လမ်းဆန်ဆန်၊ အိပ်မက်ဆန်ဆန်၊ မှတ်တမ်းတစ်ခုထက် မပိုတော့ပါဘူး။
အဆိုပါ ပြိုကျစုဝေးခဲ့သည့် "သူရူး လမင်း" ရဲ့ အပိုင်းအစများဟာ တဖြည်းဖြည်းစုဝေးသွားပြီးတဲ့နောက်မှာ ၄င်းတို့ရဲ့ မူလ ပုံသဏ္ဍန်ဖြစ်တဲ့ "ရှင်သန်ခြင်း" နှင့် "သေဆုံးခြင်း" ဆိုတဲ့ ဒြပ်စင်များအဖြစ် ပြန်လည်ရုပ်လုံး ပေါ်လာပါတော့တယ်။ ၄င်းတို့ရဲ့ သန့်စင်တဲ့ ပုံဆောင်သဏ္ဍန်တွေဟာ ကိုယ်ပိုင်စွမ်းအင်များ ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ ၄င်းတို့ရဲ့ နယ်နိမိတ်အတွင်းမှာ ရှင်သန်တဲ့ သက်ရှိများဟာ ဒီဒြပ်စင်ရတနာများရဲ့ ကြိုးစွဲရာ က နေရရုံ သာမကဘဲ အမှီပြု၍ နေထိုင်နေရတာကို မရိတ်မိခင်တစ်လျှောက်လုံးမှာ ကမ္ဘာမြေဖွားမဟုတ်တဲ့ ဒီကျောက်တုံးများက စွမ်းအင်ကို ယုံကြည်စွာ စားသုံးနေခဲ့ကြပါတယ်။ ဒါကြောင့် လူသားတွေဟာ ကမ္ဘာမြေပေါ်ကို ကျဆင်းလာခဲ့တဲ့ ဒီ ဘုရားသဖွယ် ရှေးဟောင်းအမွေအနှစ်ကြီးများကို ကြည်ညိုသောအားဖြင့် ၄င်းတို့ရဲ့ ပတ်ပတ်လည်မှာ ဗိမ္ဗာန်များတည်ဆောက်၍တောင် ကိုးကွယ်ခဲ့ကြပါတယ်။
"ရှင်သန်ခြင်း" နှင့် "သေဆုံးခြင်း" ဆိုတဲ့ ဒီရှေးဟောင်းအမွေအနှစ်ကြီးများဟာလည်း အရွေ့စွမ်းအင်၊ မာနာ၊ ကာကွယ်စွမ်း၊ စသည့် စွမ်းအားများအပြင် သေဆုံးနေသူကို အသက်ပြန်သွင်းပေးခြင်းအထိ လူသားများကို ပြန်လည်ပေးစွမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုစွမ်းအင်တွေဟာ ၄င်းတို့လွှမ်းမိုးခြင်းကို ခံရသော ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။ "ရှင်သန်ခြင်း" ရဲ့ လွှမ်းမိုးမှုခံရတဲ့ ပတ်ဝန်းကျင်မှာတော့ အရောင်စုံပြီး၊ တလက်လက် တောက်ပသော စိတ်ကို လှုံ့ဆော်သော အလင်းရောင်များ နှင့် ဆွဲဆောင်မှုများကို ထုတ်လွှတ်ပေးပါတယ်။ "သေဆုံးခြင်း" အနီးနားမှာတော့ သေနိမိတ်ကို ဖော်ဆောင်သော လှိုင်းများ၊ အဆိပ် နဲ့ ပုတ်သိုးဆွေးမြေ့ခြင်းတို့မှာ ယိုစိမ့်ဖိတ်ကျလာသော အရည်သဏ္ဍန်များနဲ့ လွှမ်းမိုးနေပါတော့တယ်။ ၄င်း စွမ်းအင် နှစ်ခုစလုံးက ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရှာမတွေ့တော့မယ့် လားလားဆန့်ကျင်နေတဲ့ ပုံမှန်စွမ်းအင်တွေပါ။
အဆိုပါ အမွေအနှစ်များရဲ့ လွှမ်းမိုးမှုများ လွန်စွာအားကောင်းလာတဲ့အခါမှာတော့ ၄င်းတို့ရဲ့ ထုံးစံအတိုင်း ဆန့်ကျင်ဘက် အမွေအနှစ် ကျောက်တုံးကို အဆုံးသတ်ပေးဖို့ ကြိုးပမ်းမှုများ စတင် လာပါတော့တယ်။ ၄င်းတို့ရဲ့ မူလ ဖြစ်တည်မှုဟာလည်း စစ်မက်ကို ဖန်တီးပြီး ဆန့်ကျင်ဘက်ကို အလုံးစုံပျောက်ကွယ်သွားစေဖို့ပါပဲ။ ဒီကျောက်တုံးတစ်ခုရဲ့ စွမ်းအင်ကို အပြည့်ပြန်လည်ဖြည့်တင်းပေးနိုင်တာကလည်း ၄င်းရဲ့ ရန်သူတော်ကျောက်တုံးကို အလုံးစုံပျက်စီးသွားအောင် ဖျက်စီးရမယ့်နည်းလမ်းတစ်ခုတည်းသာ ရှိပါတယ်။ ဒါကြောင့် ၄င်းတို့ အသီးသီးရဲ့ စွမ်းအင်ရဲ့ ဖြားယောင်းမှုအောက်မှာ သာယာသွားတဲ့ သက်ရှိသတ္တဝါများဟာ ၄င်းတို့ရဲ့ ဗိမ္ဗာန်ကို ကာကွယ်ဖို့အတွက် ကူညီရိုင်းပင်းလာကြပြီး ၄င်းတို့ရဲ့ ဆန့်ကျင်ဖက် အိမ်နီးချင်းကျောက်တုံးကို ဖျက်စီးပစ်ဖို့ တဖြည်းဖြည်းစုဝေးလာကြပါတော့တယ်။ ဒါ့အပြင် လွန်စွာဝေးကွာသော ကျယ်ပြန့်သောဒေသ၊ နိုင်ငံ၊ စကြာဝဠာများမှ သူရဲကောင်းများစွာဟာလည်း ဒီစစ်ပွဲကြီးမှာ ပါဝင်ကြဖို့ ဆင့်ခေါ်တဲ့ အသံများကို ကြားနေရပါတော့တယ်။ ဒါပေမယ့် ဒီဆင့်ခေါ်သံများဟာ အချို့သော သူရဲကောင်းတို့ရဲ့ အသိထဲမှာတော့ စစ်မက်ဖြစ်ပွားတော့မယ့် ရှေးဟောင်းအမွေအနှစ် နှစ်ဖက်စလုံးရဲ့ ရည်ရွယ်ချက် နှစ်ခုစလုံးဟာ အတူတူပဲဆိုတာကိုတော့ သိနေခဲ့ပါတော့တယ်။
========================================
သူ တစ်နေ့တာအတွက် မျက်စိနှစ်လုံးပွင့်လာခဲ့ပြန်လေပြီ။
နေ့စဉ်နဲ့အမျှ အိပ်မက်ထဲမှာ မြင်တွေ့နေရတဲ့ ဒီမြင်ကွင်းက သူ့အတွက်တော့ မထူးဆန်းလေတော့။ အိပ်မက်ထဲမှာ ကောင်းကင်ပေါ်ရှိ အနီရောင် နှင့် အပြာရောင် နှစ်ခြမ်းကွဲကာ တစ်စစီ ပဲ့ကြလာသော လမင်းကြီးကို ကြောက်လန့်စိတ်အပြည့်ဖြင့် မော့ကြည့်နေသော ဒီမြင်ကွင်းကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပေမယ့် ဘာကြောင့်မှန်းမသိ၊ ဆက်တိုက်ဆိုတော့ ထူးဆန်းသလိုတော့ ခံစားမိနေသည်။ ဘာပဲဖြစ်ဖြစ် ဒီ အံ့သြဖွယ်ရာ အိပ်မက်ရဲ့ အဖြေကိုရှာဖို့ ဒီ ထာစတာခူရီ ဘုန်းကြီးကျောင်းအထိတောင် ရောက်အောင် လာခဲ့ပြီပဲ မဟုတ်လား။
ဒီနေ့လည်း သူ့အဖို့ တရားထိုင်ရင်း အဖြေရှာနိုင်ဖို့ ကြိုးစားရဦးမည်။
