အပိုင်း (၃)၊ Emor မြို့မှ အမွေအနှစ်

Emor မြို့မှ အမွေအနှစ်

အပိုင်း (၃)

 


Magina တစ်ယောက် တောင်ခြေသို့ ရောက်သည့်အခါ တစ်ကိုယ်တည်း ခရီးထွက်လာခဲ့လေသည်။ သူ၏ အမှန်တရားရှာဖွေရေးခရီးက အခုမှ လမ်းအစပင် ရှိသေးသည် မဟုတ်လား။


တောင်ခြေရောက်သည်နှင့် လူနေထူထပ်သော သာမန်ဘဝတစ်ခုထဲသို့ ပြန်လည်ရောက်လာသည့် အချက်ကို ချက်ချင်း ခံစားမိလိုက်သည်။ မနေ့ညတုန်းက တောင်ထိပ်ပေါ်ရှိ ဘုန်းကြီးကျောင်းမှာ ဘာတွေဖြစ်သွားသည်ကို မည်သူမျှ သိပုံပင်မရ။ သိအောင်လည်း ကြိုးစားမည့်ပုံ မပေါ်။ ကိစ္စမရှိပေ။ လူတွေက ကိုယ့်ဘဝနဲ့ကိုယ်မို့လို့ ကိုယ့်အကြောင်းကိုယ် သိအောင် လုပ်နေရသည်မှာ မဆန်းပေ။ ဒါကြောင့်ပဲ မိမိရဲ့ အမှန်တရားကို ဆက်လက်ရှာဖွေနိုင်ဖို့ ထာစတာခူရီ နယ်မြေကနေ ထွက်ခွာခဲ့ပါပြီ။


ထာစတာခူရီပြည်နယ်ရဲ့ အရှေ့အရပ်ကို ဦးတည်ကာ ထွက်လာခဲ့သည့် Magina အနေနဲ့ ခရီးတော်တော်ပင် လွန်လာခဲ့ပါသည်။ ခရီးတစ်ထောက်နားလိုက်တိုင်း လက်ထဲရှိ "နိုးထခြင်း" ပေချွန်လွှာရဲ့ နက်နဲသည့်အဓိပ္ပါယ်များကို ကြိုးစား၍ လေ့လာရင်း ခရီးဆက်ခဲ့သည်မှာ ရက် ၃ ရက်ခန့်ပင် ရှိလေပြီ။ ယခုရောက်ရှိနေသည့်နေရာကို ကြည့်လျှင် မြို့တစ်မြို့နှင့် သိပ်မဝေးတော့သည့် လက္ခဏာကို တွေ့ရသည်။ လူသွားလူလာ များသဖြင့် အကျအန ဖောက်ထားသည့် လမ်းတစ်ခုပေါ်ရောက်နေသည်ကို သတိထားမိသည်။ ကုန်သည်များ သွားလာဖောက်ကားလေ့ရှိသည့်အတွက် မြို့နှင့်ဝေးနေသည့်တိုင်အောင် ဒီတောင်ကြားလမ်းကလေးသည် အရိပ်အာဝါသကောင်းကောင်းနှင့် နေရောင်အောက်တွင် သာယာလျက်ရှိပေသည်။


"ဒီနေ့တော့ ငါတို့ ကံဆိုးတာပဲကွာ၊ လက်ဗလာနဲ့ ကောင်လေးတစ်ယောက်တည်းပါလား"


Magina ကို ပြောတဲ့စကားတော့ မဟုတ်။ သူ၏နံဘေးတွင် အသီးသီးပေါ်ထွက်လာသည့် လူ ၆ ယောက် ပြောသော စကားပင်။


"ကောင်လေး၊ မင်းပုံကြည့်ရတာလည်း စီးပွားရေးသမားရုပ်လည်း မပေါက်ဘူး၊ ဘယ်သတ္တိနဲ့ ဒီ Tendra တောင်ကြားကို တစ်ယောက်တည်း ဖြတ်လာတာတုန်း"


စကားပြောပုံဆိုပုံတွေက ဓါးပြတွေမှန်း သိသာလွန်းနေသည်။ အဆိုပါ ဓါးပြ ၆ ဦး၌ ၁ ဦးတွင် လက်နက်မပါပေ။ ဘာစကားမှ မပြောခင် ၄င်း၏ ရန်သူဖြစ်လာမယ့်သူ ၆ ဦးကို Magina အလျှင်အမြန် အကဲခတ်ကြည့်မိသည်။


ခေါင်းဆောင်ဖြစ်ပုံရသော တစ်ဦးကလည်း လက်နက်မပါ။ Magina အနားသို့ ကပ်လာ၍ တီးတိုးပြောလိုက်သည်။


"ရှည်ရှည်ဝေးဝေးမပြောချင်ဘူးကွာ၊ မင်း အရှင်လတ်လတ် ရေခဲအရိုက်မခံချင်ရင် မင်းနဲ့အတူပါလာတဲ့ တန်ဖိုးရှိပါတယ်ဆိုတဲ့ ပစ္စည်းအကုန်တို့ဆီကို လွှဲလိုက်လေနော့" ဟုပြောဆိုပြီးနောက် ၄င်း၏ လက်ဖဝါးထက်တွင် အပြာရောင် ရေခဲချွန်တစ်ခု ပေါ်ထွက်လာလေသည်။ မှော်ဆရာတစ်ယောက်ပဲကိုး။


"ရေခဲအရှင် Ethreain ဆိုတာ ကြားဖူးလား၊ အများကြီး မိတ်မဆပ်တော့ဘူး၊ ဒါနဲ့ မင်းရဲ့ ခါးကြားက စာလိတ်လေးက ဘာလေးတုန်း" ဟုပြောကာ ခါးနောက်တွင် ချိတ်ထားသော "နိုးထခြင်း" စာချွန်လွှာကို လုယူဖို့ ဟန်ပြင်လိုက်ရာ Magina က အဆိုပါ မှော်ဆရာဟန်ပေါက်နေသူ၏ လက်ကို ဖမ်းကိုင်ပြီး ၄င်း၏ မျက်လုံးကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။


======================================
======================================


Magina အတွက် ဒီလို မှော်ဆရာတစ်ယောက်၊ ဓါးကိုင်ဓါးပြ ၅ ယောက်လောက်နှင့် ဖွဲ့စည်းထားတဲ့ အဖွဲ့လေးကို လက်ဗလာနဲ့ ပွဲသိမ်းပေးလိုက်ခြင်းက ခက်ခဲလှသည်တော့ မဟုတ်ပေ။ ဒါပေမယ့် သူသိလိုက်သည့် အရာတစ်ခုကတော့ ခရီးလမ်းအတွက် လက်နက်လေး တစ်ခုလောက် ရှိနေခြင်းက မမှားဆိုသည့် အချက်ပင်။


သေးငယ်လှတဲ့ အရက်ဘားလေးတစ်ခုဟာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ အေးချမ်းစွာတည်ရှိနေသည်။ ဘာပဲဖြစ်ဖြစ် ခရီးတစ်ထောက်နားစရာ နေရာတစ်ခုပင် မဟုတ်လား။


ဝှီး ...........


Magina အနီးတစ်ဝိုက်တွေ လေအေးများတိုက်ခိုက်သွားသည်။ အဆိုပါ လေညှင်းများသည် အရှေ့က အရက်ဘားကလေးအတွင်းက ထွက်လာခြင်းဖြစ်သဖြင့် တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်သည်။ ဒါပေမယ့် Magina အနေနဲ့ လေညှင်းနှင့်အတူ အထုတ်အပိုးတွေ ကပိုကယိုသယ်ရင်း ပြေးထွက်လာသည့် မိန်းကလေးတစ်ယောက်ဖြစ်နေသည့်အတွက်ကြောင့် တိုက်ခိုက်ရန်ပြင်ထားသည့် လက်ကို ပြန်ရုတ်သိမ်းလိုက်ပေမယ့် လွန်စွာနောက်ကျသွားလေပြီ။


ဘုန်း .........


ရှေ့မကြည့်၊ နောက်မကြည့်ပြေးထွက်လာသော အဆိုပါမိန်းကလေးက Magina ကို တည့်တည့်ဝင်တိုက်မိလျက်သား ဖြစ်သွားခြင်းပင်။ အထုတ်အပိုးတွေ နှင့်အတူ သူတို့ နှစ်ယောက်စလုံး မြေပေါ်တွင်လဲကြကုန်လေသည်။


"ဆောရီး၊ ... ဆောရီး၊ .... ဆောရီး၊ ... အရမ်းအလောကြီးနေလို့ပါနော်၊ စိတ်မရှိပါနဲ့ " ဟု သူမက ပြောသည်။ Magina ကတော့ ပြန့်ကျဲနေသော အထုတ်အပိုးများကို ကူ၍ ကောက်ပေးနေသည်။ မိန်းကလေးက သူ၏လေးနှင့်မြှားထည့်ထားသော အိတ်ကလေးကို ပုခုံးတစ်ဖက်တွင်လွယ်၊ ကျန်အထုတ်အပိုးများကိုလည်း ကျန်ပုခုံးတစ်ဖက်တွင်လွယ်၍ Magina ဘက်လှည့်၍ ပြုံးပြကာ "သွားလိုက်ဦးမယ်နော်" ဟုပြောရင်း လေအဟုန်ဖြင့် ပြေးထွက်သွားပြန်လေတော့သည်။


Magina က အရက်ဘားလေးဘက်သို့ ပြန်လှည့်လိုက်သောအခါ ထွက်သွားသည့် မိန်းကလေးကို ပြုံးရင်းလက်ပြနေသော လူကြီးတစ်ယောက်ကို တွေ့လိုက်ပါသည်။ "ခုနက ငါ့ကို ပြုံးပြတာ မဟုတ်ဘူးဘဲ" ဟု စဉ်းစားရင်း Magina ဟာ အရက်ဘားအတွင်းသို့ ဝင်လိုက်ပါသည်။ လူဝကြီးက ဒီဆိုင်လေး၏ ပိုင်ရှင်ဖြစ်သည်။


"ဒီကလေးမလေးက နှစ်တိုင်းဒီအချိန်ဆို ရောက်လာနေကြပဲ။" ဟု လူဝကြီးက ပြောပါသည်။ "မြောက်အရပ်က "Emor" ဆိုတဲ့ မြို့မှာ နှစ်စဉ်ဒီအချိန်ဆို ပြိုင်ပွဲကြီးတစ်ခုရှိတယ်လေ။ အဲ့ဒီ့ကို သွားဖို့ ဒီမှာ ခရီးတစ်ထောက် နားလေ့ရှိတယ်။"


အရက်ဘားထဲတွင် ဈေးဆိုင်အသေးလေးတစ်ခုလည်း ရှိပါသည်။ ဖိနပ်ဆိုင်ဟုပြောလျှင် ပိုမှန်ပါလိမ့်မည်။


"ရေခဲအရှင် Ethreain ဆိုတဲ့သူက ဒီနယ်တစ်ဝိုက်မှာ နာမည်ရှိတဲ့သူလား" ဟု လူဝကြီးကို မေးကြည့်သည်။ လူဝကြီးကလည်း ပြန်လည်မေးခွန်းထုတ်လိုက်ပါသည်။ "လူလေးက ဒီနာမည်ကို ဘယ်က ကြားခဲ့လို့လဲ"။


Magina က ဘာမျှမဖြေဘဲ အရောင်စုံဖိနပ်များကိုသာ ကြည့်ရှူနေသဖြင့် လူဝကြီးကပဲ သူ့စကားကို ဆက်လိုက်ပါသည်။


"ဒီနေရာကနေဆိုရင် မိုင်ထောင်နဲ့ချီပြီး ဝေးတဲ့ မြောက်အရပ်မှာ "Zemlya" ဆိုတဲ့ ပြည်နယ်တစ်ခုရှိတယ်။ ကျူပ်တို့ရဲ့ ဘိုးဘွားတွေခေတ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မှော်ဆရာတစ်ယောက်ခဲ့တယ်လေ။ သူ့နာမည်က Ethreain လို့ခေါ်တယ်။ အရမ်းကို ရက်စက်တဲ့ မှော်ဆရာတစ်ဦးဖြစ်လို့ ပြည်နယ်သားတွေက နှစ်ပေါင်းများစွာတော်လှန်ပြီးတော့ သူ့အသက်ကို ခြိတ်ပိတ်ပြီး "အသူရာအဆုံးမဲ့" တွင်းထဲကို ပစ်ချပြီး မြူတ်နှံထားခဲ့တာ တော်တော်ကြာခဲ့ပြီ။ အခု သူပြန်နိုးထ လာပြီတဲ့လေ၊ သူနဲ့ အတူ တစ်ကမ္ဘာလုံးအနှံ့က သူ့တပည့်တပန်းတွေလည်း ပြန်နိုးထလာခဲ့ပြီ" ဟု သေချာရှင်းပြနေပေမယ့် နားထောင်သူက စိတ်မဝင်စားပုံမပြသဖြင့် စကားကို ဖြတ်လိုက်သည်။ "အဟမ်း"


လူဝကြီးက သူ့ရောင်းတန်းဝင် ဖိနပ်များကို စတင်၍ ကြော်ငြာတော့သည်။ "လူလေးတို့လို ခရီးကြမ်းနှင်နေတဲ့ ခရီးသွားတွေအတွက်တော့ သာမန်သားရေနဲ့လုပ်ထားတဲ့ ဖိနပ်က အကောင်းဆုံးပဲ။ အပေါ်က ရောင်စုံဖိနပ်လေးတွေကတော့ တိုက်ခိုက်ရေးသမားတွေအတွက် အမျိုးအစားအသီးသီးပေါ့၊ အဓိကကတော့ ရွှေပဲ၊ ရွှေရှိရင် တစ်ခါတည်းသာ ဝယ်သွားလိုက်တော့"


ပိုက်ဆံချွေတာသော Magina ဟာ ဓါးပြများစီက ရခဲ့သော ရွှေများထဲက ရွှေစ ၄ဝဝ ပေး၍ ဖိနပ်တစ်ရံကို ဝယ်ယူကာ ခရီးဆက်ထွက်လာခဲ့လေသည်။ ဆိုင်အရှေ့ထိ လိုက်ပို့သော လူဝကြီးက "ကောင်လေး၊ ဒီဆိုင်ရဲ့ မြောက်အရပ် မိုင် အနည်းငယ်အဝေးမှာ ကျူပ်ခုနက ပြောတဲ့ "Emor" စီးပွားရေးမြို့တော် ရှိတယ်။ အဲ့ဒီ့မြို့က မင်းရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းပေးနိုင်မယ်ထင်တယ်"

ဒီလူကြီး ညွှန်းသည့်ပုံစံအတိုင်းဆို အဲ့ဒီ့မြို့ကို ဝင်ကြည့်လိုက်လို့ မှားမည်တော့ မထင်။ ဒါကြောင့်ပဲ အရှေ့အရပ်ကို ဦးတည်၍ သွားနေသော ခြေလှမ်းများကို မြောက်အရပ်သို့ပြောင်းလဲလိုက်တော့သည်။

======================================
လူတွေ အလွန်ပင်စည်ကားသော "Emor" မြို့ကြီး။
======================================

လာရောက် ကြိုဆိုမည့် နယ်ခံမရှိပေမယ့် Magina ဟာ မြို့ရဲ့ လမ်းမတစ်လျှောက် အကဲခတ်ရင်း လေ့လာရေးစတင်တော့လေသည်။ လူဝကြီး ပြောလိုက်သည့်အတိုင်းပင် မြို့ရဲ့ နံရံအများစုမှာ ကပ်ထားသည့် စာရွက်များကတော့ ဖမ်းဝရမ်းများ၊ သတင်းများ၊ ကြော်ငြာများပင် ဖြစ်သည်။ အဆိုပါ စာရွက်များထဲကမှ ဆုကြေးစား တိုက်ခိုက်ပွဲကြီးတစ်ပွဲအတွက် အပြည်ပြည် အနယ်နယ်မှ သူရဲကောင်းများကို လာရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားသော ဖိတ်စာများက အများဆုံးဖြစ်သည်။ နှစ်စဉ်ဒီအချိန်ရောက်တိုင်း သူရဲကောင်းများနှင့် တိုက်ခိုက်ရေးသမားများအား မက်လောက်စရာ ဆုငွေများချီးမြှင့်ပေးမည့် ဒီ ပြိုင်ပွဲကြီးကိုလည် နယ်စုံမှသူဌေးကြီးများ မတည်ပေးထားခြင်း ဖြစ်ကြောင်း၊ မတည်ပေးထားသည့် သူဌေးများ၏ နာမည်များဖြင့် စာရွက်ကို အဆုံးသတ်ထားသည်။ အဆိုပါ သူဌေးကြီးများရဲ့ နာမည်နံဘေးတွင် ၄င်းတို့ရဲ့ ဇာတိကို ဖော်ပြထားရာ Revtel ဆိုသည့် မြို့နာမည်လည်းပါဝင်နေသည်။ ဒီ မြို့ဟာ Magina ကို ကမ်းလှမ်းခဲ့သည့် Gondar ပြောသည့် မှောင်ခိုဈေးကွက်ရှိသော မြို့၏ နာမည်မှန်း သူချက်ချင်း မှတ်မိသွားသည်။

Magina ဟာ အဆိုပါ ကြော်ငြာစာရွက်တစ်ရွက်ကို ဖြဲယူရင်း စာရွက်ထဲက အချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖတ်ကြည့်ဖို့အတွက် အနီးဆုံးမှာ ရှိတဲ့ ထိုင်စရာ နေရာ ရနိုင်ချေရှိသည့် ဆိုင်တစ်ခုထဲသို့ ဝင်လိုက်သည်။ တော်တော်ကြီးသော ယမကာဆိုင်ကြီးပင်။


ဆိုင်၏ ထောင့်အစွမ်းတစ်ခုကို ရွေးချယ်ထိုင်ဖို့ Magina ရှာဖွေကြည့်သည်။ ထောင့်သည် နေရာကောင်းဖြစ်သောကြောင့် ထင်သည်။ ဒါကြောင့် ထောင့်ဆုံးနှင့် အနီးဆုံး စားပွဲတစ်လုံးကို ရွေးချယ်၍ ထိုင်ကာ စာရွက်ကို စတင်ဖတ်တော့သည်။


ဒီကြော်ငြာစာရွက်၏ အနှစ်ချူပ်ကတော့ နှစ်စဉ် နယ်ပေါင်းစုံမှ သူဌေးကြီးများက စုဝေးပြီး ရန်ပုံငွေအဖြစ် မတည်ကာ ကမ္ဘာအဝှမ်းက သူရဲကောင်းများကိုဖိတ်ခေါ်၍ ယှဉ်ပြိုင်စေသော ပြိုင်ပွဲကြီးဖြစ်သည်။ ပြိုင်ပွဲမှာ ထွက်ပေါ်လာသည့် အလားအလာကောင်းသည့် တိုက်ခိုက်ရေးသမားများနှင့် သူရဲကောင်းများကို သူဌေးကြီးများက စိတ်တိုင်းကျ ရွေးချယ်၍ စစ်သား၊ ကိုယ်ရံတော်၊ ကြေးစားလူသတ်သမား စသည်ဖြင့် ပြန်လည်ခေါ်ယူ အသုံးချရန် ရည်ရွယ်ချက်သည် အဓိက ဖြစ်သည်။ အရွေးခံရသည့်သူက မိမိသဘောအတိုင်း သူဌေးများရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပိုင်ခွင့်လည်း ရှိသည်ဟု ပါရှိသည်။ ထူးခြားသည်မှာ ဆုမှာ ငွေသားအပြင် တန်ဖိုးဖြတ်မရသည့် ရှေးဟောင်း အမွေအနှစ် ပစ္စည်းတစ်ခုခုကိုလည်း ပေးအပ်လျက်ရှိသည့် ဆုက သူရဲကောင်းများကို ဆွဲဆောင်သည့် အဓိကအချက်ပင်။


Magina စိတ်ဝင်စားသွားသည်။ ဒီနှစ်အတွက် အဆိုပါ အမွေအနှစ် ဆုပစ္စည်းက ဘာများဖြစ်မလဲဆိုပြီး သေချာရှာဖတ်ကြည့်သည်။


"ရန်သူများကို အာရုံထွေပြားသွားစေမည့် အရောင်ပြန်များ တစ်လက်လက်ထနေသည့် သွက်လက်သည့် ပုဆိန်တစ်စုံ"


မျက်လုံးအရောင်တောက်သွားသည့် Magina ဟာ လက်နက်တစ်ခုခု လိုအပ်နေချိန်တွင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော ဒီပြိုင်ပွဲသို့ ဝင်ပြိုင်ကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။


အုန်း ...........


သူ၏ မလှမ်းမကမ်းက စားပွဲကြီး တစ်လုံးစလုံး အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားလေသည်။ ၄င်းနေရာမှာ ရန်ပွဲတစ်ခု ဖြစ်ပြီဆိုသည်မှာ သေချာပြီ။ လူသန်ကြီး နှစ်ယောက် လုံးထွေးသတ်ပုတ်နေကြသည့် အရက်ဆိုင်အတွင်းက ရန်ပွဲဖြစ်သည်။

ဝုန်း ............

ဒီတစ်ခါ အသံကတော့ ဆိုင်နံရံကြီး ပြိုထွက်သွားသည့်အသံပင်။ ဘတစ်ပြန် ကျားတစ်ပြန် ထိုးကြိတ်နေသော လူသန်ကြီး ၂ ယောက်ဟာ အဆိုပါ နံရံပြိုသွားသည့် အပေါက်မှ အပြင်သို့ လုံးထွေးလျက်သားဖြင့် ထွက်ကျသွားရာမှာ ထွက်ပေါ်လာသော ဒုတိယမြောက် အသံပင် ဖြစ်တော့သည်။


ဗုန်း ............


နောက်ထပ် အသံလာရာနေရာကတော့ ဆိုင်ရှင်၏ ကောင်တာ ထိုင်ခုံမှာ အသံဖြစ်သည်။ အလွန်အမင်းစိတ်ဆိုးကာ ဒေါသအချောင်းချောင်းထွက်နေသော ဆိုင်ရှင်က ကောင်တာခုံကို လက်သီးဖြင့်ထုကာ


"ဒီနှစ်ကောင် ငါ့ဆိုင်မှာ ရန်လာဖြစ်ပြန်ပြီလား၊ " ဟု အော်ဟစ်လိုက်လေသည်။ ဆိုင်ထဲဝင်လာကတည်းက ဆိုင်ရှင်မှာ ပန်ဒါဝက်ဝံကြီးတစ်ကောင်ဖြစ်ကြောင်း Magina ရိတ်မိလိုက်ပေမယ့် အခုမျက်စိတစ်မှိတ်အတွင်းမှာပါ အဆိုပါ ပန်ဒါဝက်ဝံကြီးနေရာ၌ သွက်သွက်လက်လက်ရှိသည့် ပန်ဒါဝက်ဝံ ငယ်လေး (၃) ကောင် အဖြစ် ပြောင်းလဲသွားသည်ကို လှမ်းတွေ့လိုက်သည်။


အဆိုပါ ပန်ဒါဝက်ဝံငယ်လေး (၃) ကောင်ဟာ လူသန်ကြီး ၂ ယောက် လုံးထွေးသတ်ပုတ်နေသည့် ဖုန်လုံးကြီးရှိရာ ဆိုင်အပြင်သို့ ခုန်ထွက်ကာ လိုက်သွားကြသည်။ ဖြန်ဖျေပေးမလို့လား၊ ဆွမ်းကြီးဝင်လောင်းမလားဆိုတာတော့ မသိ။ ဒါပေမယ့် သိလိုက်သည့် တစ်ချက်မှာလည်း ရန်ဖြစ်နေသည့် လူသန်ကြီး နှစ်ယောက်ဟာလည်း သာမန်လူများ မဟုတ်ဘဲ ဖျံကြီးတစ်ယောက်နှင့် ဖြူကြီးတစ်ကောင်ပင်။

ပန်ဒါဝက်ဝံလေး (၃) ကောင်က ဓါတ်ကြီး (၅) ပါးနှင့်ဆိုင်သည့် မြေ၊ ရေ၊ လေ၊ မီး၊ ရွှေ စသည့် စွမ်းအင်များကို အသုံးချနိုင်စွမ်းရှိသည်။ အဆိုပါ ပန်ဒါလေးများက ဒေါသတစ်ကြီး ထိုးကြိတ်နေသော ဖျံကြီးကိုဖမ်းချူပ်ရန် လေပွေတစ်ခုဖန်တီးကာ ဟန့်တားထားသလို တစ်ဖက်က အဆူးများကို တရတ်စပ် ပစ်လွှတ်နေသော ဖြူကြီးကိုလည်း ဟန့်တားနိုင်ဖို့ ခေါင်းကို ဂဲနှင့် ထုကာ အချိန်ဆွဲထားလိုက်လေသည်။ ဘယ်လိုပဲ တားတား ရန်ဖြစ်နေသော ဖြူကြီးနှင့် ဖျံကြီးဟာ တစ်ယောက်နှင့်တစ်ယောက် အသေအကြေ ထိုးသတ်ကြရန်သာ စိတ်ထဲရှိနေသည့်အတွက်ကြောင့် ရန်ပွဲက ပြီးမည့်ပုံမပေါ်။ မပြီးသည့်အပြင် ပိုမိုပြင်းထန်လာလေသည်။


ရန်ပွဲကို အားပေးမည့် ပွဲကြည့်ပုရိသတ်များကလည်း ဆိုင်အတွင်း၊ ဆိုင်အပြင်မကျန် လမ်းမပေါ်အထိ အပြည့်ဖြစ်နေသည်။ ဖျံကြီးက ရှိသမျှ အားအင်များကို သူ၏လက်သီးတွင် ရှိသမျှ အင်အားအကုန် စု လိုက်သလို တစ်ဖက်က ဖြူကြီးကလည်း မျက်လုံးများ ရဲရဲနီကာ မျက်ရည်ရော နှပ်ရည်ပါ ထွက်ကာ အသေအကြေ ထိုးသတ်ဖို့ ပြင်လိုက်သည်။ ဖျန်ဖြေရေးသမား ပန်ဒါဝက်ဝံလေး (၃) ကောင်ကလည်း အခြေအနေ မကောင်းတော့မှန်းသိသည့်အတွက် ဒီတိုက်ပွဲကို ကိုယ်တိုင် ကိုယ်ကျ ဝင်ပါတော့ရန် ဟန်ပြင်လိုက်တော့လေသည်။


"တိတ်စမ်း ~~~~ !! "


အဆိုပါ စကားတစ်ခွန်းကို ကြားလိုက်ရပြီးနောက် Magina ဟာ လောကကြီးတွင် ရှိသမျှ အသံအားလုံးကို ကြားနိုင်စွမ်း ပျောက်ဆုံးသွားလေသည်။ ဒီလောက် ဆူညံနေသည့် ရန်ပွဲက ဘာသံမျှ ထွက်မလာတော့သလို သူ၏ နှုတ်ခမ်းများလည်း လှုပ်ရှားနိုင်စွမ်း ရပ်တန့်သွားကြောင်း သိလိုက်ရသည်။ ရန်ပွဲထဲသူများအားလုံးလည်း အံ့သြသည့် မျက်နှာများဖြင့် တိုက်ခိုက်ရန် အရှိန်မြှင့်နေခြင်းကနေ ရပ်တန့်သွားကြသည်။


"အရက်သောက်ရတာ အရှိန်ပျက်တယ်ကွာ"


ဆိုင်ထဲဝင်ကလည်းက Magina လိုချင်သည့် ထောင့်ဆုံး၊ ချောင်ဆုံး နေရာမှာ ဦးဦးဖျားဖျား နေရာယူထားသည့် လူတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ ၄င်း၏ နံဘေးနံရံတွင် ဒိုင်းတစ်ချက်နှင် ဒလက်တစ်ခုကို ချထားသည်ကို သတိထားလိုက်မိသည်။


အပိုင်း (၄)
ဆက်ရန်

#Wotaboo

Comments

Popular Posts